Tuesday, August 21, 2007

ထက် ကြိုက်သော အပိုင်းအစ(၁)

ဟောဒီ လောက တောက်လျှောက်
“ကျောက်သင်ပုန်း ပေါ်က သုညနဲ့ စာရင်
ဗလာစာအုပ်ပေါ်က သုညက မြတ်တယ်”တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ်


ထိပ်ထားရေ... .... ...
ထိပ်ထားရေ... ... ...
ထိပ်ထားရေ... ... ...
သစ်ခုတ်သမားတွေမရှိတဲ့ တိုင်းပြည်မှာ
ငါ... ... ... လယ်သမားဖြစ်ချင်တယ်
နင်... ဘုရင်မ... ... ... လာမလုပ်ရဘူးနော်



တောင်ညိုမှာ ပြိုတဲ့ မိုးတွေ
နင့် မျက်နှာလေးကို တိုးသက်တဲ့အခါ
တောင်ပင်လယ် က ဗေဒါတွေဟာ
ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်


လေညင်းကလေးရေ... ... ...
ငါ ချစ်မြတ်နိုးရတဲ့ ကမ္ဘာရဲ့ ထိပ်ထားကို
သူ့ဆံနွယ်ခက်လေးတွေ
ဖွာခနဲ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံသည်းတိုက်ခတ်ပေးပါ


ငါကတော့
တေလေဘ၀ရဲ့ပထမဆုရ အမှားတွေကို
လွယ်အိတ်ညိုထဲထည့်ပြီး
မီးအိမ်လက်ဆွဲ
ငါ့ရဲ့ ရာဇ၀င်ထဲမှာ ခရီးဆက်ရဦးမယ်

No comments:

Discovery